*မြန်မာပြည် ရောက်လျှင် စားသောက်သင့်သော အစားအစာများ *


*မြန်မာပြည် ရောက်လျှင်
 စားသောက်သင့်သော အစားအစာများ *

ဒေသတစ်ခုကိုအလည်အပတ်ခရီးသွားရပြီး ထိုဒေသရဲ့အစားအစားကိုတွေကိုမမြည်းစမ်းဘဲ ပြန်လာခဲ့ရတယ်ဆိုရင် အဲ့ဒီခရီးဟာမပြည့်စုံနိုင်ပါဘူး။ ဒါကြောင့်မြန်မာပြည်ကို အလည်လာတော့မယ်ဆိုရင်ဖြင့် ပြည့်စုံတဲ့ခရီးစဉ်လေးဖြစ်စေဖို့ မြန်မာတို့ရဲ့ရိုးရာအစားအသောက်လေးတွေကိုဖော်ပြပေးလိုက်ရပါတယ်။

မုန့်ဟင်းခါး

မြန်မာတို့ရဲ့အစားအစာတွေထဲမှာဆိုရင် မြည်းစမ်းကြည့်ဖို့ ပထမဆုံး အကြံပေးချင်တာကတော့ မုန့်ဟင်းခါးပဲဖြစ်ပါတယ်။ မုန့်ဟင်းခါးဟာ ငါးဖြင့်အဓိကချက်လုပ်သော ဟင်းခါးရည်နှင့် အချဉ်ဖောက်ထားတဲ့ ဆန်ခေါက်ဆွဲဖတ်(မုန့်ဖတ်)နဲ့တွဲဖက်စားသုံးရတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ထိုဟင်းရည်နဲ့ မုန့်ဖတ်အပေါ်မှာမှ နှစ်သက်ရာဘဲဥပြုတ်၊ ငါးဖယ်ကြော်၊ ပဲကြော်၊ နံနံပင် စသဖြင့် ထည့်ပြီး သံပုရာသီးလေးညှစ် ငရုတ်သီးမှုန့်လေးများလည်းထည့်ကာ စားသုံးနိုင်ပါတယ်။ မြန်မာပြည်ရဲ့ဒေသအသီးသီးမှာ ပုံစံအမျိုးမျိုးနဲ့ ချက်လုပ်စားသောက်ကြတဲ့အတွက်ကြောင့် အရသာ၊ အပြင်အဆင်နှင့် အခေါ်အဝေါ်မှာလည်းကွဲပြားမှုရှိကြပါတယ်။ မုန့်ဟင်းခါးမှာ အာဟာရပြည့်ဝစွာပါဝင်ကာ ရိုးရှင်းစွာချက်ပြုတ်နိုင်သည့်အပြင် စရိတ်စကပါသက်သာသောကြောင့် မြန်မာလူမျိုးတိုင်းနှစ်ခြိုက်စွာ သုံးဆောင်ကြသည့် အစားအစာတစ်မျိုးလည်းဖြစ်ပါတယ်။

လက်ဖက်

နောက်ထပ်ဖော်ပြပေးချင်တဲ့ အစားအသောက်တစ်ခုကတော့ ရွှေမြန်မာတို့ရဲ့ ပွဲတိုင်းမှ ာမပါမဖြစ်တဲ့လက်ဖက်ကို ပဲကြော်အစုံ ပါဝင်ပစ္စည်းအမျိုးမျိုးတို့နဲ့ ရောနယ်ထားတဲ့ လက်ဖက်သုပ်ပဲဖြစ်ပါတယ်။လက်ဖက်ရွက်ဟာ နိုင်ငံရပ်ခြားမှာ သောက်စရာရေနွေးကြမ်းအဖြစ် ရှိနေပေမယ့် မြန်မာတို့ဟာ ရေနွေးကြမ်းအဖြစ်ရော လက်ဖက်သုပ်အဖြစ်ရောစားသုံးကြပါတယ်။ ဒါ့အပြင်လက်ဖက်ဟာဆေးဖက်ဝင်တဲ့ စားစရာတစ်ခုဖြစ်တယ်ဆိုတာကို အိန္ဒိယ၊ တရုတ်စတဲ့ နိုင်ငံများကလည်း ဘိုးဘွားအစဉ်အဆက်ကတည်းက လက်ခံထားကြပါတယ်။လက်ဖက်သုပ်မှာဆိုရင် အဓိကအားဖြင့်လက်ဖက်နဲ့ပဲကြော်ပါဝင်ပြီး ခရမ်းချဉ်သီး၊ ပုစွန်ခြောက်၊ငရုတ်သီးစိမ်း၊ ဂေါ်ဖီထုပ်စသဖြင့် ထည့်ပြီးသုပ်ကာစားသုံးနိုင်ပါတယ်။ ပြီးလျှင်လက်ဖက်အရသာမှာလည်း ချဉ်စပ်၊ အဆိမ့်၊ အခါး စသဖြင့် ရှိသောကြောင့် မိမိနှစ်သက်ရာ အရသာဖြင့်လည်းသုံးဆောင်နိုင်ပါသေးတယ်။ 

နန်းကြီးသုပ်

မန္တလေးကိုအလည်ရောက်ခဲ့ရင်ဖြင့် နန်းကြီးသုပ်ခေါ်မန္တလေးမုန့်တီသုပ်ကို ကျိန်းသေပေါက် မြည်းစမ်းကြည့်သင့်ပါတယ်။ နန်းကြီးသုပ်ဆိုတာဟာ ဆန်နဲ့ပြုလုပ်ထားတဲ့ မုန့်ဖတ် (နန်းကြီး)ကို ကြက်သားမျှင်ဖတ်ကလေးများ၊ ဆီချက်(ဆီနီ၊ဆီဝါ)၊ ပဲကျက်မှုန့်၊ မုန့်ကြွပ်ကြော်စသည်တို့ဖြင့် သုပ်ထားခြင်းဖြစ်ပါတယ်။ မန္တလေးမုန့်တီစစ်စစ်သည် မုန့်သားအိစက်နေကာ မာတောင့်တောင့်ဖြစ်မနေပါ။ ဒါ့အပြင်နန်းကြီးသုပ်ဟု ဆိုသည့်အတိုင်း မုန့်ဖတ်မှာလည်း လုံးပတ်ကြီးကြီး ရှည်ရှည်လေးများဖြစ်ပါတယ်။ စားသုံးရာတွင်လည်း အအီပြေစေရန် ကြက်သွန်များကိုအကွင်းလိုက်လှီးထားကာ သံပုရာသီးခြမ်းစိတ်ထားသောပန်းကန်လေးများဖြင့် ပြင်ဆင်ကာစားသုံးလေ့ရှိကြပါတယ်။ အပေါ့အငံအတွက် ငံပြာရည်ကိုအသုံးပြုကာ ဟင်းရည်အတွက် ကြက်သား(သို့) ငါးဖယ်ရိုး ပြုတ်ထားသောအရည်ထဲတွင် အရသာနှင့် ပိတ်စွယ်လေးခပ်ကာ သုံးဆောင်လေ့ရှိကြပါတယ်။

ရှမ်းခေါက်ဆွဲ

ရှမ်းလူမျိုးတို့ရဲ့ ရိုးရာအစားအစာတစ်မျိုးဖြစ်တဲ့ ရှမ်းခေါက်ဆွဲဟာလည်း မြန်မာပြည်ကိုလည်ပတ်သူတစ်ဦးအဖို့ စားသုံးကြည့်သင့်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ ရှမ်းခေါက်ဆွဲဟာ မုန့်ဖတ်အပေါ်မူတည်ပြီး အမျိုးအစားကွဲပြားပါတယ်။ ဆန်စီး၊ ဆန်ဖွယ်(ရေစိမ်)၊ တို့ဟူးပျော့ ဟူ၍ကွဲပြားကာ အသုပ်နှင့်အရည်ဖျော် ဟူ၍လည်း နှစ်သက်သလို သုံးဆောင်လေ့ရှိကြပါတယ်။ ရှမ်းခေါက်ဆွဲထဲတွင် ရှမ်းခေါက်ဆွဲဖတ်၊ ကြက်သားချက်၊ နှမ်းလှော်၊မြေပဲလှော်၊ ငရုတ်သီးဆီချက်၊ ကြက်သွန်မြိတ်စသည်တို့ပါဝင်ပါတယ်။ တို့ဟူးပျော့ဖြင့် စားသုံးတတ်သူတို့အဖို့ တို့ဟူးများအိုင်နေအောင်ထည့်ကာ
သုံးဆောင်နိုင်သလို တို့ဟူးမကြိုက်သူတို့အဖို့ ကော်ရည်ဖြင့်လည်း သုံးဆောင်နိုင်ပါသေးတယ်။

ငါးပိရည်နှင့် တို့စရာ

မြန်မာပြည်ကို အလည်လာခဲ့လျှင်ဖြင့် မြန်မာတို့၏ နေ့လည်စာထမင်းတစ်နပ်ကိုလည်း သုံးဆောင်ကြည့်သင့်ပါတယ်။ မြန်မာတို့ရဲ့ဟင်းပွဲတွေမှာ အခြေခံအစားအစာဖြစ်တဲ့ ထမင်းနဲ့ ဟင်းပွဲတစ်မျိုးမျိုးပါရှိကာ မြိန်ရေယှက်ရေ သုံးဆောင်နိုင်ရန် ငါးပိရည်ကျိုနှင့် တို့စရာများပါလေ့ရှိပါတယ်။ ငါးပိရည်ကျိုဆိုတာဟာ နာမည်အတိုင်း ဆားသိပ်ထားသောရေကျိုငါးပိများကို ဆူပွက်အောင်တည်ကာ အရိုးများကို ဇကာနှင့်စစ်ပြီး ထောင်းထားတဲ့ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းများ ထည့်ပြီး ပုစွန်ခြောက်မှုန့်လေးများနဲ့ ရောမွှေထားတဲ့စားစရာတစ်ခုဖြစ်ပါတယ်။ မြန်မာလူမျိုးတို့ဟာ ထိုငါးပိရည်ကျိုမွှေးမွှေးလေးကို လှီးထားတဲ့သခွားသီးအကွင်းလေးများ၊ ရုံးပတီသီးပြုတ်၊ခရမ်းသီးပြုတ်၊ ပဲသီးပြုတ်၊ ဆလပ်ရွက်၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီစတဲ့အသီးအနှံလေးများနဲ့တို့ကာ အရသာရှိရှိစားသုံးကြပါတယ်။ မြန်မာလူမျိုးများရဲ့အစားအစာတွေဟာလတ်ဆတ်တဲ့ ဒေသထွက်ကုန်ပစ္စည်းများမှ ပြုလုပ်ထားတဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့လည်းညီညွတ်ပါတယ်။ မြန်မာတို့ရဲ့ အစားအသောက်တွေဟာ ချို၊ချဉ်၊ ငံ၊ စပ်၊ ခါး အရသာများကိုအချိုးကျကျမျှမျှတတ ပေါင်းစပ်ထားတဲ့အတွက်ကြောင့် မြန်မာပြည်ကို အလည်လာခဲ့ရင်ဖြင့် အထက်ပါအစားအသောက်များကို မလွဲမသွေမြည်းစမ်းကြည့်သင့်ပါတယ်။ ဒါ့ကြောင့် ထိုကဲ့သို့ ထူးကဲလှတဲ့အစားအသောက်များကိုမြည်းစမ်းနိုင်ဖို့ မြန်မာနိုင်ငံကို အလည်လာခဲ့ဖို့လည်း ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ.....

                                          နိဒါန်း#

Comments

Post a Comment

Popular posts from this blog

မဲလံဆံတော်ရှင် စေတီတော်

မြန်မာပြည်(နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)ထဲက ဘာမြူဒါ (သို့ ) ပြန်လမ်းမဲ့အင်း

ဘာမြူဒါ တြိဂံ (Bermuda Triangle)