ဒူးရင်းမုန့်ဖတ်ထုပ်


ဒူးရင်းမုန့်ဖတ်ထုပ်
* * * * * * * * * * *
မြန်မာ့ရိုးရာအစားအစာလို့ ပြောလိုက်သည်နှင့် ဒူးရင်းမုန့်ဖတ်ထုပ်သည် မပါမဖြစ်အစားအစာဖြစ်သည်။

ပါဝင်ပစ္စည်းများကို အချိုးကျကျပေါင်းစပ်မှသာ ဒူးရင်းမုန့်ဖတ်ထုပ်ကို ရရှိမှာဖြစ်ပါသည်။

ပါဝင်ပစ္စည်းများနှင့် အသုံးပြုပုံများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ပါဝင်ပစ္စည်းများမှာ

ထန်းလျက်=80g
အုန်းနို့=200ml
ကော်မှုန့်=35g(မည်သည့်ကော်မှုန့်သုံးသုံးရ)
ငှက်ပျောရွက်(မုန့်အတိုင်းအတာသုံးရန်)
ဒူးရင်းသီး

အသုံးပြုပုံမှာ

ထန်းလျက်ငါးကျပ်သား(80g)ကို အရင်ဆုံး ရေဆေးပေးပါ။ ပြီးလျှင် ရေအနည်းငယ်ထည့်ပြီး ဆူပွက်လာသည်အထိကျိုပါ။ ရေဆူပွက်လျှင် ထန်းလျက်ခဲအရည်ပျော်အောင် ကျိုပေးပါ။

ရလာတဲ့ထန်းလျက်ရည်ကို သဲမပါအောင် ပိတ်ပါးနဲ့စစ်ပေးပါ။ ပြီးလျှင် အုန်းနို့200mlထည့်ပါ။ ဆွမ်းမွှေးရွက် တစ်ရွက်လောက်ကို ဒီတိုင်းအထုံးလေးထုံးပြီး ထည့်ပေးပြီး ဆူပွက်အောင် တည်ပေးပါ။ အုန်းနို့၊ ထန်းလျက်၊ ဆွမ်းမွှေးရွက်တို့ ဆူပွက်လာလျှင် ထွက်လာသည့်အနံ့သည် အရမ်းကိုလိုက်ဖက်ပြီး မွှေးကြိုင်လွန်းလှသည်။ အုန်းနို့ရည်များ ဝေမကျအောင် ဂရုစိုက်ရမည်။

ဂျုံမှုန့်100g၊ ကော်မှုန့်35gနှင့် ဆားအနည်းငယ်ကို ရောပြီး ရေဖျော်ထားပါ။ ဖျော်ပြီးသည့်အခါ ထန်းလျက်ရည်ထဲသို့ ဇကာချထည်နှင့် ဂျုံအလုံးလေးတွေမကျန်အောင် သေသေချာချာ ဖျော်ပေးပါ။ပြီးလျှင် ဆားအနည်းငယ်ထည့်ပါ။ မုန့်ရည်အပျစ်အကျဲညီမျှအောင် မွှေပေးပြီး ရလာတဲ့မုန့်နှစ်ရည်ကို အနည်းဆုံးတစ်နာရီ/ သုံးနာရီထားလို့ရပါသည်။

ပြီးလျှင်ငှက်ပျောရွက်ကို ပျော့အောင် နေပြထားပါ။ပြပြီးလျှင် ကတော့ပုံကလေးခေါက်ပြီး ဘေးကိုသွားကြားထိုးတံလေးနှင့် ပြေမကျအောင်ထိုးထားပါ။ ငှက်ပျောရွက်အတွင်းသားတွေကိုလည်း ဆီသုတ်ပေးထားပါ။ ဒါမှမုန့်ခွါရလွယ်ကူစေမှာပါ။အချိန်စေ့လို့ မုန့်နှစ်ရည်အဆင်သင့်ဖြစ်လျှင် ဒူးရင်းသီးထည့်မည်။ ဒူးရင်းသီးအသားတွေကို ခပ်နှစ်နှစ်ဖြစ်အောင် ဇွန်းနှင့်ခြေပါ။ အဖတ်လိုက်ထည့်လျှင် မုန့်သားမှာ အပေါက်တွေဖြစ်မည်။ ခြေထားသည့် ဒူးရင်းသီးနှစ်ကို လက်ဖက်စားဇွန်းနှစ်ဇွန်းထည့်ပါ။ ပြီးရင် မုန့်နှစ်နှင့် တစ်သားတည်းဖြစ်အောင်မွှေပေးပါ။

အခုလိုပြင်ဆင်နေတုန်းမှာ မုန့်ပေါင်းဖို့ ရေနွေးအိုးကိုလည်း အဆင်သင့်တည်ထားပေးရပါမယ်။ ရလာတဲ့မုန့်နှစ်ရည်ကို ငှက်ပျောခွက်ကလေးထဲထည့်ပြီး ဇကာပေါ်တင်ကာ ပေါင်းပေးပါ။
မိနစ်နှစ်ဆယ်လောက် ပေါင်းပြီးရင်ကျက်ပါပြီ​။ပေါင်းသည့်နေရာတွင် မုန့်သားပေါ်ကို ရေနွေးငွေ့ပြန်မကျအောင် အိုးအဖုံးကို အဝတ်နှင့်ပတ်ပြီးမှဖုံးပါ။ရေနွေးငွေ့ရည်တွေမုန့်သားထဲကျသွားလျှင် မုန့်မလှတော့ပါ။

ရွှေမြန်မာတို့၏ အစားအစာဖြစ်သည့် ဒူးရင်းမုန့်ဖတ်ထုပ်လေးကို ပြောင်ပြောင်တင်းတင်း၊ အိအိကလေးနှင့် မြိန်ရည်လျက်ရည် စားသုံးလို့ရပါပြီ။

Ga Ga

Comments

Post a Comment

Popular posts from this blog

မဲလံဆံတော်ရှင် စေတီတော်

မြန်မာပြည်(နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)ထဲက ဘာမြူဒါ (သို့ ) ပြန်လမ်းမဲ့အင်း

ဘာမြူဒါ တြိဂံ (Bermuda Triangle)