မြန်မာ့ သနပ်ခါး


မြန်မာ့ သနပ်ခါး
 ****
သနပ်ခါးကို လွန်ခဲ့သော နှစ်ပေါင်များစွာကတည်းက အမျိုးသမီးများက လိမ်းခြယ်ခဲ့ကြပါတယ်။ ယခု၂၁ ရာစုမှာတော့ ကမ္ဘာအဝှမ်းကပင် မြတ်နိုးစွာ အသုံးပြုနေကြပါပြီ။ သနပ်ခါးပင်များကို သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယ၊ ထိုင်း၊ ပါကစ္စတန်နိုင်ငံတို့တွင်ပါ တွေ့ရှိတယ်လို့ သိရသော်လည်း မြန်မာနိုင်ငံမှ ထွက်ရှိသော မြန်မာ့သနပ်ခါးသည် အရည်အသွေး အကောင်းဆုံး ဖြစ်ပါတယ်။
အရင်က သနပ်ခါးပင်များကို မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် အဓိက စိုက်ပျိုးတာကို တွေ့ရသော်လည်း ယခုအခါ ကျန်ပြည်နယ်တိုင်းများတွင်ပါ စီးပွားဖြစ် စိုက်ပျိုးလာကြပါတယ်။ သနပ်ခါးပင်တစ်ပင်ကို အနည်းဆုံး ၆နှစ်ကြာမှ ခုတ်လှဲပြီး အသုံးပြုလို့ရပါတယ်။ 

စစ်ကိုင်းတိုင်း ရွှေဘိုနယ်တစ်ဝိုက်မှထွက်သော
သနပ်ခါးသည် ဝင်းဝါစိုပြေ၍ ရွှေဘိုသနပ်ခါးဟုအမည်တွင်ကာ နာမည်ကျော် လူကြိုက်များသလို မကွေးတိုင်း မြိုင်နယ် ရှင်မတောင်အနီးမှ ထွက်သော ရှင်မတောင် သနပ်ခါးကိုလည်း ပို၍လူကြိုက်များကြပါသည်။ ထို့အပြင် ယောနယ်မှလာသော ယောသနပ်ခါးသည်လည်း ဝါဝါဝင်းဝင်းလေးနှင့် နူးညံ့သည်။ ယောသနပ်ခါးသည် အများအားဖြင့် အခေါက်များဖြစ် အသုံးပြုကြပြီး ၎င်း၏ရနံ့သည် တမူထူးခြားသည်။ 

သနပ်ခါးဟာ တစ်ပင်လုံး အလွန်အသုံးဝင်တဲ့ အပင်တစ်မျိုး ဖြစ်ပါတယ်။ 



အရွက်🌿
သနပ်ခါးအရွက်ဟာ အတက်ရောဂါများအတွက်အသုံးဝင်သလို အနာရောဂါများအတွက် သနပ်ခါးအရွက်ကိုကြိတ်၍ အုံပေးခြင်းအားဖြင့် မန်းနိုင် (ပြည်တည်ခြင်း) မှ ကာကွယ်နိုင်ပါတယ်။ 


အသီး🍒
သနပ်ခါးအသီးကို အဆိပ်ဖြေဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ 


ပင်စည်🌴
ပင်စည်ရဲ့ အခေါက်ကိုတော့ သနပ်ခါးအဖြစ်လိမ်းတဲ့ သနပ်ခါးတုံးများအဖြစ် အသုံးပြုပါတယ်။
ကိုင်းဖျားကိုင်းနားများကို နံ့သာတိုင်များ ပြုလုပ်ရန်
အသုံးပြုကြပါတယ်။


အမြစ်🥓
သနပ်ခါးအမြစ်ကို ဆေးအဖြစ် အများဆုံး
အသုံးပြုပါတယ်။ 

အထူးသဖြင့် နွေရာသီတွင် လူအများစုတွင် ထွက်တတ်သော မိတ် (ယားဖု) များအတွက် သနပ်ခါးမြစ်သည် အကောင်းဆုံး ဆေးတစ်မျိုးဖြစ်သည်။
သနပ်ခါးမြစ်ကို ဆားအနည်းငယ်ထည့်သွေးပြီးလိမ်းလျှင် မိတ်များယားယံခြင်းမှ ပျောက်ကင်းသလို ဆီးချိုဝေဒနာရှိသူများ နေ့စဉ်သောက်သုံးပေးခြင်းဖြင့် ရောဂါအား သက်သာစေသည်။ အနာရောဂါများအတွက် သနပ်ခါးသည် ညှော်ဒဏ် ခံနိုင်သည်ဟုလည်း ဆိုကြသည်။ 

သနပ်ခါးပင်မှာ အဖိုပင်နှင့် အမပင်ဟူ၍ (၂)မျိုးရှိရာ အမပင်မှာသာ အပွင့်ပွင့်ပြီး အသီးသီးပါတယ်။
သက်တမ်းရင့်သော သနပ်ခါးပင်ရဲ့ အခေါက်များသည်ထူ၍ အထပ်ထပ်ဖြစ်နေတတ်ပြီး သက်တမ်းနည်းလျှင် အခေါက်သည် တစ်ထပ်တည်းရှိပြီး အပွေးပါးသည်ဟု ဆိုရမည်။ ကျောက်ကုန်းပွေးဟုခေါ်သော သနပ်တုံးသေးသေးကျစ်ကျစ် အပွေးမာမာလေးများသည် အမွှေးဆုံးဖြစ်သည်။ ကျွန်မတို့ငယ်ငယ်က ဖွားဖွားဟာ အလှူမင်္ဂလာဆောင်သွားလျှင် သနပ်ခါးတုံး အနုလေးကိုရေမပါပဲသွေးပြီး ပေါင်ဒါအဖြစ် အသုံးပြုတာကိုမြင်ဖူးပါတယ်။ 

သနပ်ခါးမှာ Vitamin E ကြွယ်ဝစွာပါဝင်ခြင်းကြောင့် အသားအရည်ကို ထိန်းသိမ်းပေးပါတယ်။ နေလောင်ခြင်းကြောင့် အသားအရည်မညီမညာခြင်း၊ အမဲစက်၊ တင်းတိတ်ဖြစ်ခြင်းတို့မှလည်း ကာကွယ်ပေးပါတယ်။ မျက်နှာ၏ ရေဓာတ်ကို ထိန်းသိမ်းပေးသည်ဟုလည်း ဖတ်ရှုရသည်။ သနပ်ခါးသည် နွေမှာအေး၍ ဆောင်းမှာနွေးစေသော သဘာဝ ရှိပါသည်။

သနပ်ခါးဆိုလျှင် ကျောက်ပျဥ်ကို တွဲဖက်မြင်ကြ
ပေလိမ့်မည်။ သနပ်ခါးနဲ့ ကျောက်ပျဉ်ဟာ ရှေးအဆက်ဆက် မြန်မာ့အမျိုးသမီးများရဲ့ ဘဝမှာ မရှိမဖြစ်အရေးပါတဲ့ အရာဖြစ်ပါတယ်။ သနပ်ခါးရဲ့ရနံ့ဟာ အေးမြပြီး လူကိုလန်းဆန်းစေပါတယ်။ လိမ်းခြယ်သူသာမက ဘေးအနားကလူကိုပါသနပ်ခါးရနံ့က ကူးစက်စေပါတယ်။ သနပ်ခါးကို မွေးကင်းစကလေးမှစ အသက်ရွယ်ကြီးရင့်သူများအထိ ရာသီမ‌ရွေး လိမ်းကြပါတယ်။ 

မြန်မာနိုင်ငံရှိ အချို့သောနေရာဒေသတို့တွင်
(မွန်ပြည်နယ်) သင်္ကြန်အခါတွင် ရေကစားရင်းသနပ်ခါးလိမ်းပေးကြသော ဓလေ့ကို တွေ့ဖူးပါတယ်။ အချို့ဘုရားများတွင် ကျောက်ပျဉ်နှင့် သနပ်ခါးတုံးများကို ကုသိုလ်ရှင်အချို့က ဘုရားဖူးလာသူများအမောဖြေရင်း လိမ်းခြယ်နိုင်ရန် လှူဒါန်းထားရှိပါတယ်။ 

မန္တလေးရှိ မဟာမြတ်မုနိဘုရားကြီးတွင်
နံနက်၄နာရီခန့်တွင် မျက်နှာသစ်သော
မျက်နှာသစ်ရေတွင် သနပ်ခါးကို အများဆုံး
အသုံးပြုထားသည်။ နောက်တစ်နေ့ နံနက်တွင်အသုံးပြုမည့် မျက်နှာသစ်တော်ရေအတွက် ၎င်းရှေ့တစ်ရက် နံနက်ပိုင်းမှစ၍ ဘုရားဖူးလာသူများကနံ့သာသွေး၍ ကုသိုလ်ယူကြသည်။ 

မြန်မာနိုင်ငံ အလယ်ပိုင်းရှိ အထင်ကရ
နေရာတော်တော်များများတွင် သနပ်ခါးကို ဝယ်ယူ
ရရှိနိုင်ပါတယ်။ 

လောကတွင် မည်သည့်အရာမဆို အကောင်းအဆိုးအားသာချက်၊ အားနည်းချက်များသည် ဒွန်တွဲနေသည်။ 

သနပ်ခါးသည်လည်း အခါးဓာတ်ရှိရာ
သောက်သုံးရာတွင် မတည့်သောအရာများ
ရှိတတ်ပါသည်။ သို့ရာတွင် လိမ်းခြယ်ရာတွင်မူ ဘေးဥပဒ်ဖြစ်မှုကိုမူ အနည်းငယ်မျှပင် မကြားဖူးပါ။ 
ကမ္ဘာလှည့်ခရီးသွားများသည် မြန်မာနိုင်ငံသို့
ရောက်ရှိသည့်အခါ မြန်မာ့သနပ်ခါးကို နှစ်သက်စွာ လိမ်းကျံကြသည်။ 

ဒါကြောင့် နေဒဏ်၊ လေဒဏ်၊ ရာသီဥတုဒဏ်၊စသည်တို့ကို ကာကွယ်ပေးသော မြန်မာ့သနပ်ခါးသည် အမျိုးသမီးများ အလှအပနှင့်ကျန်းမာရေး
အတွက် Treasure house 🏘️ ဟုဆိုရလျှင် မမှားပေ။ 

‌နန်းတော်ရှေ့ဆရာတင်သီချင်းထဲက
"ရွှေဘိုသနပ်ခါးတုံးများ🎶🎶🎶
ရန်ကုန်လိမ်းဖို့ယူ🎶🎶🎶
ဘယ်လိုအသားမဲမဲ ဝါဝါညက်ညက်ဖြူ
ဆိုသကဲ့သို့ သနပ်ခါးလိမ်းခြင်းဟာ အသားအရည်ကို စိုပြေစေပါတယ်။

စိတ်ကြည်နူးစရာသီချင်းလေးနဲ့
သနပ်ခါးအကြောင်းအဆုံးသတ်ရလျှင်
"ကျွန်မသနပ်ခါးလိမ်းမှ ဖြစ်မယ်🎶🎶🎶
လိမ်းလိုက်ကြပါ🎶🎶🎶
လိမ်းလိုက်ကြပါ"
အမျိုးသမီးများအားလုံး မြန်မာ့သနပ်ခါး လိမ်းခြင်းဖြင့် ကျက်သရေရှိစွာ ဂုဏ်တင့်ထယ်ဝါနိုင်ကြပါစေ။

🌷ပန်းပျိုးသူ

Comments

Post a Comment

Popular posts from this blog

မဲလံဆံတော်ရှင် စေတီတော်

မြန်မာပြည်(နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)ထဲက ဘာမြူဒါ (သို့ ) ပြန်လမ်းမဲ့အင်း

ဘာမြူဒါ တြိဂံ (Bermuda Triangle)