အညာနဲ့ထန်း


“အညာနဲ့ထန်း”
***
မိုးတိမ်ယံကာကွယ် 🎵ယာပြင်လယ်လမ်းမှာလ 🎵 ထန်းပင် ထန်းရွက် ထန်းလက်တွေက အသွယ်သွယ် 🎵 မကြည်အောင်တို့ရွာ ရိုးရွာဇာတိနွယ် 🎵 လမ်းအစဉ် လမ်းအဆက် လမ်းမျက်စိတောင် လည်ပါတယ်မောင်ရယ် 🎵အစ်ကိုရဲ့ ကြိုလှည့် ညိုနွဲ့ဆံကေသွယ် 🎵

 ကျွန်မဇာတိဖြစ်တဲ့ အညာဒေသကို ပြန်တဲ့အခါတိုင်း အညာမြေကိုနင်းလိုက်ပြီဆိုတာနဲ့ လမ်းဘေးဝဲယာတလျှောက်မှာ ထန်းတောကြီးတွေတမျော်တခေါ်ကို စမြင်ရတော့တာပဲ။ ထန်းတောတွေကို မြင်တိုင်း နန်းတော်ရှေ့ဆရာတင် ရေးထားပြီး မကြည်အောင် ဆိုထားတဲ့ “ဇာတိနွယ်” သီချင်းလေးက ရင်ထဲကို ရောက်လာတော့တာပဲ။ “ထန်းပင် ထန်းရွက် ထန်းလက် ထန်းတွေက အသွယ်သွယ်” ဆိုတဲ့ သီချင်းစာသားနေရာရောက်ရင် နှုတ်ကညည်းမိသေးတာ။ ငယ်ဘဝထန်းတောအာက်မှာ ပြေးလွှားဆာ့ကစားဘူးခဲ့တာ သတိရလို့။ 
အညာဆိုတာနဲ့ ပူပြင်းခြောက်သွေ့မှုနဲ့အတူ တမျှော်တခေါ်ထန်းတောကြီးတွေကို တွဲဖက်မြင်ယောင်မိကြမှာပါ။ ထန်းနဲ့အညာဆိုတာ ခွဲခြားလို့မရတဲ့ အမှတ်အသားတခုပါပဲ။ ထန်းပင်ကို အညာဒေသရဲ့ ပဒေသာပင်လို့တောင် ခေါ်ဆိုနိုင်ပါတယ်။ ဘာကြောင့် ပဒေသာပင်လို့ တင်စားရသလဲဆိုရင် ထန်းပင်ကိုအားကိုးပြီး ထန်းတောင်သူသမားတွေဟာ စားဝတ်နေရေးအတွက် ထန်းပင်ကို လုံးဝမှီခိုကြရတာကြောင့်ပါ။
ထန်းပင်ဟာ ရုက္ခဗေဒအလိုအားဖြင့် ပါလမေစီအီး ဒါမှမဟုတ် ပါမီ မျိုးရင်းတွင်ပါဝင်ပါတယ်။ ထန်းပင်မှာ အဖိုပင်နဲ့ အမပင်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ထန်းပင်တခုလုံးက လွန်စွာအသုံးဝင်ပြီး လွှင့်ပစ်စရာနေရာ မရှိလောက်အောင် အဖိုးတန်ပြီး အသုံးဝင်လှပါတယ်.။ ထန်းသားကို တိုင်၊ ရေတံလျှောက်၊ လှေ ပြုလုပ်ရာမှာ သုံးကြပြီး ထန်းရွက်ကို ယပ်တောင်၊ ဖျာ၊ တောင်း၊ ပလုံး၊ ဦးထုပ်ပြုလုပ်ကြတဲ့အပြင် အိမ်မိုးရာမှာလည်း သုံးတက်ကြပါတယ်။ 

 ထန်းပင်ကရလာတဲ့ ထန်းရည်ကိုတော့ ထန်းလျှက်ခဲအဖြစ် စီးပွားဖြစ်ရောင်းချဖို့ ချက်လုပ်ကြပါတယ်။ ထန်းရည်မှာ အချို ၊အခါး နှစ်မျိုးရှိပြီး အချိုထန်းရည်ကို သောက်ရင် သကြားရည်လိုချိုပြီး အခါးရည်ကိုသောက်ရင်တော့ အရသာခါးပြီး အရက်လို မူးယစ်စေတက်ပါတယ်။ ထန်းရည်ချိုဟာ အစာကြေညက်စေပြီး ထန်းရည်ခါးကတော့ဆီးရွှင်စေပါတယ်။ ထန်းသီးကိုတော့ ထန်းသီးအမှည့်ကို အရည်ကိုညှစ်ယူပြီး ထန်းသီးမုံ့ ပြုလုပ်ရာမှာ အသုံးပြုကြပါတယ်။ ထန်းသီးကနေ ထွက်လာတဲ့ အစို့ကို ထန်းမြစ် (ထန်းပင်မြစ်)လို့ ခေါ်ပြီး မီးဖုတ်ပြီး သရေစာအဖြစ် စားကြပါသေးတယ်။ 
ခုချိန်ခါမှာ ထန်းပင်တွေကို ဝယ်ယူလာတာကြောင့် တချို့ထန်းတောင်သူတွေဟာ ခုတ်လှဲရောင်းချမှုတွေ ရှိလာပါတယ်။ ဒါဟာ ထန်းတောပြုန်းတီးဖို့ အစပျိုးလာခြင်းဖြစ်လာတယ်လို့ ယူဆသူတွေ ရှိနေပါတယ်။ အညာဒေသရဲ့ထန်းတောအလှ မပျက်စီးစေချင်သူအချို့ကလည်း ဝေဖန် ကန့်ကွက်မှုတွေ ပြူလုပ်လာကြတာကို တွေ့ရပါတယ်။ 

အညာဆိုတာနဲ့ ထန်းတောကြီးတွေနဲ့ တွဲမြင်ကြသလို ခုဆိုရင် အညာဆိုတာနဲ့ နွေဦးတာ်လှန်ရေးမှာ သွေးမအေးဘဲ ရဲရဲဝင့်ဝင့်ပါဝင်တော်လှန်နေကြတဲ့ အညာသူ၊ အညာသားတွရဲ့ သွေးဟာ မအေးကြောင်း သမိုင်းမှာ သက်သေပြခဲ့ပြီ။ 

ဟုတ်ကဲ့ .. ကျွန်မအညာသူပါရှင်။
-----------------------------------------------------------
စာရေးသူ - နွေဦးအိမ်
ကိုးကား - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)

Comments

Post a Comment

Popular posts from this blog

မဲလံဆံတော်ရှင် စေတီတော်

မြန်မာပြည်(နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)ထဲက ဘာမြူဒါ (သို့ ) ပြန်လမ်းမဲ့အင်း

ဘာမြူဒါ တြိဂံ (Bermuda Triangle)