ရွှေတိဂုံ စေတီတော်


ရွှေတိဂုံ စေတီတော်

ရွှေတိဂုံလို့ ‌ပြောလိုက်တာနဲ့ ဗုဒ္ဓဘာသာ၀င်တို့ရဲ့ အထွဋ်အမြတ်ထားရာ နေရာတစ်ခုအဖြစ် မျက်လုံးထဲ ပြေးမြင်မိကြမှာပါ။ နယ်မြို့မှာ မွေးတဲ့ ကျွန်မအတွက် နွေရာသီကျောင်းပိတ်ရက် ရန်ကုန်ကို အလည်သွားပြီဆို ကျွန်မတို့မြို့လေးကနေ သင်္ဘောနှစ်ထပ်ကောင်တွေ တစ်နေ့လုံး၊ တစ်ညလုံးစီးပြီး သွားကြရတာလေ။ ရန်ကုန်ကို လှမ်းမြင်ရပြီဆိုတာနဲ့ မျက်လုံးထဲ ပထမဆုံး ၀င်လာတာက ရွှေရောင်တ၀င်း၀င်းနဲ့ သပ္ပါယ်လှတဲ့ ရွှေတိဂုံစေတီတော်ကြီးပေါ့။ ဆယ်ကျော်သက်အရွယ်ရောက်လို့ ရန်ကုန်မှာ သင်တန်းသွားတက်မယ်ဆိုတော့လည်း အိမ်က မိဘတွေရဲ့ အမှာစကားက “ရန်ကုန်ရောက်ရင် ရွှေတိဂုံဘုရားကို အရင်သွားနော်” တဲ့လေ။ နောက်ပိုင်း နယ်က ဆွေမျိုးတွေလာတဲ့အချိန် ကိုယ် ကိုယ်တိုင် ရန်ကုန်က နေရာတွေ လိုက်ပို့ရပြီဆိုပြန်တော့လည်း ပထမဆုံး လိုက်ပို့ဖြစ်တာက ရွှေတိဂုံဘုရားပါပဲ။ ကျွန်မတို့ရဲ့ နေ့စဥ်ဘဝထဲမှာ ၀မ်းသာစရာပဲဖြစ်ဖြစ်၊ ၀မ်းနည်းစရာရှိလို့ပဲဖြစ်ဖြစ်၊ တိုင်တည်စရာ တစ်ခုခုရှိလို့ပဲဖြစ်ဖြစ်၊ အခက်အခဲ အကျပ်အတည်းတွေထဲ ရောက်နေလို့ပဲဖြစ်ဖြစ်၊ ဂုဏ်ယူလည်ပတ်စရာ နေရာတစ်ခုအဖြစ် ပြချင်လို့ပဲဖြစ်ဖြစ် ရန်ကုန်မှာ ပထမဆုံး ရွေးချယ်သွားတတ်တဲ့နေရာက ရွှေတိဂုံဘုရားပါ။ ဒီတော့ အကြောင်းအမျိုးမျိုးနဲ့ သွားဖြစ်နေတဲ့ ရွှေတိဂုံဘုရားရဲ့ သမိုင်းကြောင်းလေးရယ်၊ ရွှေတိဂုံဘုရားနဲ့ ဆက်စပ်တဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေ၊ အဖြစ်အပျက်တွေရယ်ကို ဖတ်မိ၊ မှတ်မိသလောက်လေး နည်းနည်း ပြောပြမယ်နော်။


၁) သမိုင်းကြောင်း

ရွှေတိဂုံဘုရားလို့ ကြားလိုက်တာနဲ့ ငယ်ငယ်ကတည်းက ကြားဖူးကြတဲ့ နာမည်နှစ်ခုက တဖုဿနဲ့ ဘလ္လိကဆိုတဲ့ ကုန်သည်ညီနောင်နှစ်ယောက်ပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ လောက်ကတုန်းက‌ပေါ့။ တဖုဿနဲ့ ဘလ္လိကက ကုန်တွေတင်ပြီး မဇ္စျိမ‌ဒေသကို လှည်းအစီးငါးရာနဲ့ ကုန်‌ရောင်းထွက်လာကြ‌ပါလေရော။ လမ်းမှာ မြတ်စွာဘုရားကို‌တွေ့တော့ မုန့်ကြွပ်ကြော်ရယ်၊ ပျားမုန့်ထုပ်ရယ် ကပ်လှူပူဇော်ကြတယ်။ အပြန်မှာ ဂေါတမြတ်စွာဘုရားက ဆံတော် (၈) ဆူကို ပေးသနားတော်မူတာနဲ့ ဥက္ကလာပတိုင်းပြည်ကို ညီနောင်နှစ်ပါးက ပြန်ပင့်လာကြသတဲ့။

အဲဒီနောက် ဥက္ကလာပဘုရင်ကြီးရယ်၊ တိုင်းသူပြည်သားတွေရယ်က သိဂုင်္တ္တရကုန်းတော်ပေါ်ကို ဆံတော်တွေကို ပင့်ဆောင်လာကြတာပေါ့။ ပြီးတော့ သိဂုင်္တ္တရကုန်းတော်ရဲ့ အလယ်တည့်တည့်မှာ ဥမင်လိုဏ်‌ခေါင်းတူးပြီး ၁) ကကုသန်ဘုရားရဲ့

တောင်ဝှေးတော် ၂) ကောဏာဂုံဘုရားရဲ့ ရေစစ်တော် ၃) ကဿပဘုရားရဲ့ ရေသ‌နုပ်တော်တွေနဲ့ အတူ ၄) ဂေါ‌တမမြတ်စွာဘုရားဆီက ရလာတဲ့ ဆံတော် ၈ ဆူကိုပါ ဌာပနာအ‌နေနဲ့ ထည့်သွင်းပြီး‌တော့ စေတီတည်ထားခဲ့တာပါ။ ဒါကတော့ ရွှေတိဂုံဘုရားရဲ့ ဒဏ္ဍာရီလာ သမိုင်း‌ကြောင်းတစ်ခုပေါ့။

ရှေးဟောင်းသုတေသနပညာရှင်တွေကတော့ မူလ

စေတီကို မွန်လူမျိုး‌တွေက ၆ ရာစုနဲ့ ၁၀ ရာစုကြားမှာ တည်ထားခဲ့တာလို့ ပြော‌ကြပါတယ်။ သက်သေအထောက်အထားအနေနဲ့ အစောဆုံး တွေ့ရတဲ့ အ‌ရှေ့ဖက်စောင်းတန်းအပေါ်ကနေရတဲ့ အုတ်တစ်ချပ်မှာဆိုရင်တော့ ၁၄၈၅ ခုနှစ်လို့ ရက်စွဲ‌ရေးထိုးထားတာကို ‌တွေ့ရပါတယ်။


၂) သိမှတ်စရာ အဖြာဖြာ

ရွှေတိဂုံဘုရားတည်ရှိတဲ့ သိဂုင်္တ္တရကုန်းတော်ဟာဆိုရင် ပင်လယ်ရေမျက်နှာပြင်အထက် ၁၆၇ ပေ မှာတည်ရှိပါတယ်။ ရွှေတိဂုံဘုရားတည်ရှိတဲ့ ဧရိယာတစ်ခုလုံးဟာဆိုရင် ၁၁၄ ဧက ကျယ်ပါတယ်။ ဥာဏ်တော်အမြင့်က ၃၂၆ ပေ မြင့်ပြီးတော့ စေတီတော်မှာ ပူဇော်ထားတဲ့ ‌ရွှေပြားတွေရဲ့ အလေးချိန်က မက်ထရစ်တန်ပေါင်း ၂၇ တန် ရှိပါတယ်။ စေတီတော်ရဲ့ အမြင့်ဆုံး‌နေရာဖြစ်တဲ့ ထီးတော်မှာဆိုရင်တော့ စိန်အလုံးရေပေါင်း ၅,၄၄၈ လုံး၊ ပတ္တမြားအလုံး‌ရေပေါင်း ၂,၃၁၇ လုံး၊ တခြား နီလာနဲ့ ကျောက်သံပတ္တမြားတွေ၊ ပြီးတော့ ထိပ်ဆုံးမှာ ၇၆ ကာရက်ရှိတဲ့ စိန်တုံးကြီးရယ်ကို ပူဇော်ထားပါတယ်။ အရပ်လေးမျက်နှာမှာ အရံစေတီတော် လေးဆူရယ်၊ အရံစေတီတော် လေးဆူရဲ့ကြားမှာ စေတီငယ်ပေါင်း ၆၄ ဆူရယ်နဲ့ ပတ်ပတ်လည်ကနေ ၀န်းရံထားပါတယ်။

ရွှေတိဂုံဘုရားဟာဆိုရင် စတည်ထားကတည်းက အခုလက်ရှိရှိနေတဲ့ ဥာဏ်တော်အမြင့်အတိုင်း တည်ထားခဲ့တာ မဟုတ်ပါဘူး။ စတင်တည်ထားစဥ်က ဥာဏ်တော်အမြင့် ၆၆ ပေသာ ရှိပါတယ်။ မင်းအဆက်ဆက်က ပြုပြင်မွမ်းမံခဲ့ကြပြီးတော့ ဆင်ဖြူရှင်မင်းကြီးလက်ထက်မှာ ဥာဏ်တော် ၃၃၈ ပေအထိ ဖြစ်လာခဲ့တာပါ။ အခုလိုမျိုး ရွှေသင်္ဃန်းအပြည့်ကပ်ထားတာမျိုးလည်း မဟုတ်ခဲ့ပါဘူး။ ၁၅ရာစုလောက်ကျမှ စတင်ရွှေချတဲ့ ဓလေ့ဖြစ်လာခဲ့တာပါ။ သမိုင်းမှာ နာမည်ကြီးတဲ့ ဘုရင်မကြီးရှင်စောပုဟာဆိုရင် သူ့ရဲ့ကိုယ်အလေးချိန်အတိုင်း ရွှေစင်ရွှေသား ၈၈ ပေါင်ကို ရွှေပြားခတ်ပြီး ရွှေသင်္ဃန်းကပ်လှူခဲ့ဖူးပါတယ်။ သူ့သမက် ဓမ္မစေတီမင်းကြီးကလည်း သူရယ်၊ သူ့မိဖုရားရယ်ရဲ့ ကိုယ်အလေးချိန်ကို ချိန်ဆက်ပြီး အဲဒီအလေးချိန်ရဲ့ လေးဆရှိတဲ့ ရွှေတွေကို ‌ရွှေပြားခတ်ပြီး ရွှေသင်္ဃန်းကပ်လှူခဲ့ဖူးပါတယ်။


၃) ရွှေတိဂုံစေတီတော်အပေါ်က ထင်ရှားကျော်ကြားတဲ့ အဖြစ်အပျက်အချို့

မြန်မာနိုင်ငံ သမိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေရဲ့ တော်တော်များများမှာ ရွှေတိဂုံဘုရားနဲ့ ဆက်စပ်နေတဲ့ အဖြစ်အပျက်တွေ အများကြီးရှိပါတယ်။ အဲဒီအထဲကမှ တစ်ချို့ကို ကောက်နှုတ်ပြောပြရမယ်ဆိုရင်…

၁၆၁၂ ခုနှစ်မှာ ပေါ်တူဂီလူမျိုး ဖီလစ်ဒီဂရီတို အီး နီကိုတေးက ရွှေတိဂုံဘုရားပေါ်ကို စီးနင်းတိုက်ခိုက်ပြီး တန်ချိန် ၃၀၀ လေးတဲ့ ဓမ္မစေတီခေါင်းလောင်းကြီးကို အရည်ဖျော်ပြီး အမြောက်လုပ်ဖို့ ယူသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ခေါင်းလောင်းကြီးက မြစ်ထဲကို ပြုတ်ကျသွားပြီး အခုအချိန်အထိ မြစ်ထဲမှာ ရှိနေဆဲပါ။

၁၇ ရာစုမှာတော့ ရွှေတိဂုံစေတီတော်ကြီးဟာ ငလျင်ဒဏ် ရှစ်ကြိမ်တောင် ခံခဲ့ရပါတယ်။ ၁၇၆၈ ခုနှစ်က လှုပ်ခဲ့တဲ့ ငလျင်ဒဏ်ကတော့ အပျက်အစီးတွေ တော်တော်လေးဖြစ်စေခဲ့ပါတယ်။  

နိုင်ငံရေးစာမျက်နှာကို တစေ့တစောင်းကြည့်မယ်ဆိုရင်လည်း ၁၉၂၀ ခုနှစ်မှာ ပထမကျောင်းသားသပိတ်ဖြစ်ပေါ်လာအောင် အစပျိုးခဲ့တဲ့နေရာက ရွှေတိဂုံဘုရား စနေထောင့်က ဗောဓိပင်ရှေ့နားပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရက ငွေကြေးချမ်းသာတဲ့သူတွေကိုပဲ တက္ကသိုလ်တက်ခွင့်ပေးတဲ့ ယူနီဗာစီတီ အက်ဥပ‌ဒေကို အတည်ပြုပြဌာန်းခဲ့ပါတယ်။ ဒီဥပဒေကို မကျေနပ်ကြတဲ့ ရန်ကုန်ကောလိပ်ကျောင်းသားကြီး ၁၁ ဦးဟာ သပိတ်မှောက်ဆန္ဒပြဖို့အတွက် ဘုရားရင်ပြင်တော် အနောက်တောင်ဘက် အောင်ရွှေထီးစေတီအနားမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီကျောင်းသားသပိတ် အထိမ်းအမှတ် ကျောက်တိုင်ကို ၁၉၇၄ ခုနှစ်မှာ သစ္စာအဓိဌာန်ပြုခဲ့ကြတဲ့ စနေထောင့်နေရာမှာ ရေးထိုးထားတာကို တွေ့ရမှာဖြစ်ပါတယ်။  

၁၉၃၈ ခုနှစ်မှာ ချောက်နဲ့ ရေနံချောင်းက ရေနံအလုပ်သမားတွေ ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်အထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ နောက်ပိုင်းမှာ အများပြည်သူရယ်၊ ကျောင်းသားတွေရယ်ပါ အလုပ်သမားသပိတ်ကို ပူးပေါင်းလာကြပြီး ၁၃၀၀ ပြည့်အရေးတော်ပုံဆိုတာ ပေါ်ပေါက်လာပါတယ်။

၁၉၄၆ ခုနှစ်၊ ဇန်န၀ါရီလမှာဆိုရင် မြန်မာနိုင်ငံ လွတ်လပ်ရေးရဲ့ဖခင်ကြီးလို့ ခေါ်ဆိုကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ရွှေတိဂုံရင်ပြင်တော်အပေါ်မှာ လွတ်လပ်ရေးမိန့်ခွန်းကို ပြောကြားခဲ့ပါတယ်။

၁၉၈၈ ခုနှစ်၊ သြဂုတ်လမှာတော့ ‌၈၈၈၈ အရေးအခင်းကို ဦးတည်သွားစေတဲ့ မိန့်ခွန်းကို ဒီရင်ပြင်တော်အပေါ်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြောကြားခဲ့ပါတယ်။

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမှာတော့ သံဃာတော်တွေ၊ သီလရှင်တွေ စု‌ဝေးပြီးတော့ ရွှေတိဂုံဘုရားရင်ပြင်တော်ဆီကို ဦးတည်ကြွရောက်စု‌ဝေးခဲ့ကြပါတယ်။ အဲဒီကနေမှ ရွှေဝါရောင်တော်လှန်ရေးဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။


ကဲ… ဒီလောက်ဆိုရင်တော့ ရွှေတိဂုံဘုရားနဲ့ဆက်စပ်တဲ့ သမိုင်းကြောင်းအချို့ရယ်၊ ဗဟုသုတနည်းနည်းရယ်၊ ရွှေတိဂုံဘုရားနဲ့ဆက်စပ်နေတဲ့ လူသိများတဲ့ အဖြစ်အပျက်အချို့ရယ်ကို သိသွားပြီလို့ထင်ပါတယ်။ ဆက်ပြီးတော့လည်း မြန်မာနိုင်ငံအနှံ့အပြားက ထင်ရှားလူသိများတဲ့ နေရာတွေရဲ့အကြောင်းကို ဆက်လက်ရေးသားဖော်ပြပေးသွားဦးမှာမို့ ကိုယ်သိချင်တဲ့ နေရာလေးရှိရင်လည်း ကွန်မန့်မှာ ရေးသွားပေးနော်။

ကိုးကား

‌ရွှေတိဂုံ ရက်စဥ်သမိုင်း

မြတ်ဘုရားရွှေတိဂုံ

Lonely Planet (Myanmar, 2019)

Comments

Post a Comment

Popular posts from this blog

ပင်လယ် ရေခူ

ဒူရင်းသီး ကုန်ချောလုပ်ငန်း

မဲလံဆံတော်ရှင် စေတီတော်