မြန်မာ့ လက်ဖက်


မြန်မာ့ လက်ဖက်
လက်ဖက်သည် ပြည်ထောင်စု အစားအစာ ဖြစ်မည်ဟု ထင်သည်။ လက်ဖက် မကြိုက်သော သူများမြန်မာနိုင်ငံအတွင်း၌ ရှိမည်မထင်။ မြန်မာပြည် အထက်ပိုင်းက လက်ဖက်ရွက်၊ အလယ်ပိုင်းက ပဲနှင့် နှမ်း၊ကမ်းရိုးတန်းနှင့် မြစ်၀ကျွန်းပေါ်က ပုစွန်ခြောက် ပေါင်းမှသာ လက်ဖက်တစ်ပွဲ ဖြစ်လာတော့သည်။ 

အိမ်တိုင်း၌ လက်ဖက်တစ်ပွဲ ပြင်ကာ အလည်လာသူများအား ရင်းနှီးဖော်ရွေစွာ ဆက်ဆံကြသည်မှာ မြန်မာလူမျိုးတို့၏ ယဉ်ကျေးသော အမူအရာပင်ဖြစ်သည်။ ရှေးခေတ်က အမှုဆိုင်ရာ၌လည်း အမူကျေအေးသည့်အခါ လက်ဖက်စား၍ အမူသိမ်းရသည်။ ထို့ကြောင့် လက်ဖက်စားသည့် ဓလေ့မှာယခုမှ ပေါ်ပေါက်လာသည် မဟုတ်ဘဲ ရှေးယခင် ရာစုနှစ်များကတည်းက ပေါ်ပေါက်ခဲ့သော ကြာရှည်စွာ ခိုင်မြဲနေသည့် ပြည်ထောင်စု အစားအစာဖြစ်သည်။ 

မြန်မာလူမျိုးတို့သည့် ဓလေ့ထုံးတမ်းများကို အလေးထားသည့်အလျောက် သီတင်းကျွတ်ကဲ့သို့သော အခါသမယရောက်သည့်အခါ လက်ဖက်များဖြင့် လူကြီးသူမများကို ကန်တော့လေ့ရှိကြသည်။ လူကြီးများကလည်း ကျွန်တော်တို့အား လက်ဖက်၏ ဂုဏ်သတ္တိများကို ရှင်းပြသည်။ 

"လက်ဖက်လိုမျိုး စည်းစည်းလုံးလုံးနေကြကွ။ လက်ဖက်ဟာ တစ်နိုင်ငံလုံးရဲ့ မတူညီတဲ့ဒေသကနေထွက်တဲ့ ဒေသထွက်ကုန်တွေကိုပေါင်းပြီး စုစည်းထားတဲ့အစားအစာ။ စည်းလုံးမှုသဘောပဲ။ လက်ဖက်မှာ တစ်မျိုးလိုတဲ့အခါ စားမကောင်းတော့ဘူး။ မင်းတို့တွေလည်း လက်ဖက်လိုပဲ စည်းစည်းလုံးလုံးနေကျ။ မင်းတို့ထဲက တစ်ယောက်ဖောက်ရင် အားလုံးဒုက္ခရောက်လိမ့်မယ်။ "

တက္ကသိုလ်ကျောင်းများ၌ သူငယ်ချင်းများ ခွဲခွာသည့် အထိမ်းအမှတ်အနေဖြင့် အစားအသောက်လုပ်စားသည့်အခါ လက်ဖက်ကို ရွေးကြသည်။
လက်ဖက်ကို သူငယ်ချင်းများ စုံသည့်အခါ ဝိုင်းဖွဲ့၍စားသောက်ကြသည်။ တက္ကသိုလ်ကျောင်းများ၌ ထင်ရှားကျော်ကြားသည့် အစားအစာတစ်မျိုးမှာလည်း လက်ဖက်ထမင်းပင်ဖြစ်သည်။
သာရေးပွဲ၌လည်း လက်ဖက်၊ နာရေး၌လည်း လက်ဖက်သည် မပါမဖြစ်။ မြန်မာနိုင်ငံတည်ရှိ နေသ၍ လက်ဖက်သည်လည်း အစဉ်အမြဲရှိနေလိမ့်မည်ထင်မိသည်။ 

လက်ဖက်၏ ထူးခြားချက်တစ်ခုမှာ ယွန်းခွက်ကလေးဖြင့်စားလျှင် ပို၍ အသက်၀င်ခြင်းဖြစ်သည်။ ယွန်းထည်သည် ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမှုအမွှေအနှစ်အဖြစ် အသိအမှတ်ပြုထားသော အရာတစ်ခုဖြစ်သည်။ ပုဂံထွက်ဖြစ်သော ယွန်းခွက်နှင့် မြန်မာတစ်ပြည်လုံးထွက် အမျိုးအမည်များ ပေါင်းမှရလာသော အမြင်တင့်တယ်သည့် လက်ဖက်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဖြစ်တည်ခဲ့သော ယဉ်ကျေးမှု ပြည်ထောင်စု အစားအစာပင် ဖြစ်ပေလိမ့်မည်။

ရေးသူ- ဆယ်ခွန်

Comments

Post a Comment

Popular posts from this blog

မဲလံဆံတော်ရှင် စေတီတော်

မြန်မာပြည်(နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)ထဲက ဘာမြူဒါ (သို့ ) ပြန်လမ်းမဲ့အင်း

ဘာမြူဒါ တြိဂံ (Bermuda Triangle)